တောင်ငူမုန့်ဟင်းခါး / မုန့်ဟင်းခါးသုပ် - နုစံ




ပါဝင်တဲ့ပစ္စည်း
****************
  1. ဆန်လှော်မှုန့်၊ 
  2. ပဲသီး၊ 
  3. နံနံပင်၊
  4. ခရမ်းချဉ်သီး၊
  5. ငါးခူ၊ 
  6. စပါးလင်၊ 
  7. ဂျင်း၊ 
  8. ကြက်သွန်ဖြူနီ၊ 
  9. မုန့်ဟင်းခါးဖတ်၊
  10. ပဲကြော်၊

ချက်ပြုတ်နည်း
**************
မုန့်ဟင်းခါး ဟင်းရည်ချက်ဖို့အတွက် ပထမဆုံး ငါးခူကို ငံပြာရည် နည်းနည်းထည့်ပြီး ပြုတ်ပါတယ်။ ငါးခူမရလည်း ငါးကျီးပေါ့။ ငါးက လတ်ဆတ်ရင် ဟင်းရည် ပိုချိုပါတယ်။ ငါးပြုတ်ထားတုန်း ကြက်သွန်ဖြူကို ဆီချက် ချက်ထားပါတယ်။ 

ငါးနူးပြီဆို အသားနွှင်ထားပါတယ်။ တလက်စတည်း ငါးအရိုးတွေကိုပါ ထောင်း၊ ထွက်လာတဲ့အရည်ကို ငါးပြုတ်ရည်ထဲကို အရိုးမပါအောင် ဇကာနဲ့စစ်ပြီး ရောထည့်လိုက်တယ်။ ပြီးမှ အနံ့မွှေးအောင် စပါးလင်အရိုးထောင်းထားတာ ထည့်ပြီး ဆူအောင် တည်ထားလိုက်ပါတယ်။ 

ငါးဆီသတ်ဖို့အတွက်ကတော့ ဆီဆူရင် ဆနွင်းနည်းနည်းထည့်ပြီးမှ ကြက်သွန်အဖြူ၊ဂျင်း၊ စပါးလင်ထောင်းထားတာနဲ့ ရိုးရိုးမုန့်ဟင်းခါး ချက်သလိုပဲ ဆီသတ်ပါတယ်။ ငရုတ်သီး အရောင်တင်မှုန့် မသုံးပါဘူး။ ဟင်းရည်ဆူပြီဆို ငါးဆီသတ်ထားတာရယ် ကြက်သွန်နီ များများကို ပါးပါးလှီးထည့်ပြီး မီးအေးအေးနဲ့ ဆူအောင် တည်ထားလိုက်တာပါ။ငှက်ပျောအူရှိရင်လည်း ထည့်လို့ရပါတယ်။ ဟင်းရည်ဆူပြီး အပေါ့အငန်လိုသလောက်မြည်းပြီးရင် မုန့်ဟင်းခါး ဟင်းရည်ကျဲ ရပါပြီ။

ဟင်းရည်ပြီးတာနဲ့ ခရမ်းချဉ်သီး၊ ပဲသီး၊ နံနံပင်၊ သံပုရာသီးကို လှီးပြီး ပြင်ထားပါတယ်။ ဆန်လှော်မှုန့်၊ ပဲကြော်၊ ငံပြာရည် စတာတွေကိုလည်း အရံသင့်ပြင် ထားပါတယ်။ 


တောင်ငူမုန့်ဟင်းခါးသုပ်


အသုပ် ကြိုက်တတ်တဲ့ သူအတွက် မုန့်ဖတ်ရယ်၊ ဆီချက်ချက်ထားတာရယ်၊ ဆန်လှော်မှုန့်ရယ်၊ ငရုတ်သီးအကျက်မှုန့်၊ နံနံပင်၊ ပဲသီး၊ ခရမ်းချဉ်သီး နဲ့ နောက်ဆုံး နယ်လို့ ကောင်းယုံ မုန့်ဟင်းရည် ထည့်ပြီး နယ်ပေးပါတယ်။ အချဉ်ကြိုက်ရင် သံပုရာရည်ညစ်ထည့်ပေါ့။ အပေါ့အငန် စိတ်ကြိုက်ဖြစ်ပြီ ဆိုရင် ပဲကြော်ထည့်ပြီး စားလို့ရပါပြီ။ 

အသုပ်မကြိုက်တဲ့ သူတွေကတော့ မုန့်ဟင်းခါးဖတ်၊ ဟင်းရည်ကျဲ များများဆမ်းပြီး ဆန်လှော်မှုန့်၊ နံနံပင်၊ ပဲသီး၊ ခရမ်းချဉ်သီးနဲ့ အချဉ်ညစ်ပြီး စားလို့ရပါတယ်။ ဒါကတော့ တောင်ငူမုန့်ဟင်းခါး ချက်နည်းပါ။

 တောင်ငူမုန့်ဟင်းခါးက ဟင်းရည်အပျစ်လည်း ရှိသေးတော့ အခုမုန့်ဟင်းခါးကို “ဟင်းရည်ကျဲ”လို့ခေါ်ပါတယ်။

Comments